Ad

Wednesday, May 6, 2015

ငါးရှဉ့်တွေဟာ ကမ္ဘာ့အံ့ဖွယ်အကောင်းဆုံး သတ်ဖြတ်ရေးငါးတွေထဲက တမျိုးဖြစ်​ကြောင်း​တွေ့ရှိ

ငါးရှဉ့်တွေဟာ ကမ္ဘာ့အံ့ဖွယ်အကောင်းဆုံး သတ်ဖြတ်ရေးငါးတွေထဲက တမျိုးဖြစ်တယ်လို့ ဗန်ဒါဘစ်တက္ကသိုလ်မှ ဇီဝဗေဒပညာရှင်ကင်ကတ်နီယာက ပြောပါတယ်။
ငါးရှဥ့်တွေဟာ မစားခင်မှာ သူတို့သားကောင်ကို လျှပ်စစ်နဲ့ သေတဲ့ထိ ရှော့တိုက်တတ်တယ်လို့ ဆိုပြီး ဒီဖြစ်စဉ်က ပိုပြီး ရှုပ်ထွေးမယ်လို့ကတ်နီယာက ယူဆပါတယ်။သူက မြန်နှုန်းမြင့် ကင်မရာကို သုံးပြီး အချိန်ကို မီလီစက္ကန့်ပိုင်းထိ လျော့ချကာ ငါးရှဥ့်ရဲ့ အမဲလိုက် သတ်ဖြတ်ပုံကို ရိုက်ကူးခဲ့ပါတယ်။

“မြန်နှုန်းမြင့်ကင်မရာနဲ့ သူတို့ကိုရိုက်လည်း ပြီးသွားရော မြင်ရတဲ့မြင်ကွင်းက အံ့မခန်းပဲ။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိချင်စိတ်နဲ့ သုတေသနလုပ်ဖို့ထိ ကြိုးစားကြည့်ချင်လာတယ်ဗျာ” လို့ ကတ်နီယာက ပြောပါတယ်။

မျက်စိတမှိက်ထက်မြန်တဲ့နှုန်းနဲ့ သိပ်ကို ရှုပ်ထွေးတဲ့ လျှပ်စစ် ရှော့တိုက်ခြင်းဖြစ်စဉ်ကို မြင်တွေ့ရကြောင်း၊ သိပ်ကိုမြန်လွန်းလို့ ငါးရှဥ့်က သူ့သားကောင်ကို ဖမ်းစားနေတာကိုပဲ မြင်ရပါတော့တယ်။ ဒီဖြစ်စဉ်ဟာ ငါးရှဥ့်ရဲ့ထူးကဲတဲ့ ခန္ဓာဗေဒနဲ့ အစပြုတယ်လို့ကတ်နီယာဆိုပါတယ်။

ကတ်နီယာ“ရှေ့ပိုင်းရဲ့ ၅ ပုံ ၁ ပုံလောက်က သာမန်အတွင်းပိုင်း အင်္ဂါတွေပဲရှိတာ။ နောက်ဘက်ကမှ စွမ်းအင် ထုတ်ပေးတဲ့ ဘတ္တရီတွေအဖြစ်ပြောင်းနိုင်တဲ့ လျှပ်တစ်ပြက်မီးတွေလို ကြွက်သားတွေချည်းပဲ အစဉ်လိုက် အတန်းလိုက် ရှိနေတာပါ။

”အဲဒီလျှပ်တပြက်မီးက အတော့်အားပြင်းပြီး ငါးရှဥ့်ကြီးတကောင်က ထွက်တဲ့ ဗို့အားဟာ မြင်းတကောင်ကိုတောင် သေစေနိုင်ကြောင်း၊ ငါးရှဉ့်တွေဟာ သားကောင်းရဲ့ ချက်ကောင်းကို ဖော်ထုတ်ဖို့ ပြင်းအားနိမ့် လျှပ်စစ်အချက်ပြတွေ သုံးပြီး တဆတ်ဆတ်တုန်အောင် ဓာတ်လိုက်စေကြောင်းကတ်နီယာတွေ့ရှိခဲ့ပါတယ်။နောက်တော့ ဗို့အားမြင့်လျှပ်စစ်ကို ရုတ်ခြည်း ထုတ်လွှတ်လိုက်ချိန်မှာ သားကောင်ဟာ ဓာတ်လိုက်ပြီး လှုပ်ရှားမှုမှန်သမျှ ရပ်ဆိုင်းသွားပါတော့တယ်။

ဒီလို ထိရောက်ဖို့ ငါးရှဉ့်တွေဟာ သားကောင်ရဲ့ အာရုံကြောအဖွဲ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တတ်တာကိုကတ်နီယာက ဖော်ထုတ်နိုင်ခဲ့ပါတယ်။“ဒါက တကယ်တော့ ငါးရှဥ့်ရဲ့အာရုံကြောဆဲလ်တွေထဲမှာ အဝေးထိန်းစနစ်လိုပဲ။ လျှပ်စစ်ထုတ် ပေးတဲ့ အင်္ဂါတွေကို လှုံ့ဆော်ပြီး သားကောင်ရဲ့ အာရုံကြောဆဲလ်တွေကို ထောက်လှမ်းတာမျိုးဗျ။ ဒီတော့ သားကောင်ရဲ့ ကြွက်သားတွေကို ဆွပေးပြီး နောက်ဆုံးမှာ ဘေးထွက်အာရုံကြောအဖွဲ့ကို ပစ်မှတ်ထား တိုက်ခိုက်တော့တာပဲ။

”အားပြင်းတဲ့လျှပ်စစ်ကို ထုတ်လွှတ်ချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်ကို ဘယ်လို ကာကွယ်ထားလဲ စတဲ့ ငါးရှဉ်တွေနဲ့ ပတ်သက်ပြီး လေ့လာစရာအများကြီး ရှိသေးတယ်လို့ကတ်နီယာက ဆိုပါတယ်။ဒါပေမယ့် ခုလောလောဆယ်မှာ ငါးရှဥ့်တွေရဲ့ သားကောင်သတ်ဖြတ်ပုံနဲ့ ပတ်သက်တဲ့ အံ့သြစရာ အမှန်တရားကို ဖော်ထုတ်ရတာကိုက ဓာတ်လိုက်တဲ့ အတွေ့အကြုံကို ခံစားလိုက်ရသလို ဖြစ်နေတယ်လို့ ပြောပါတယ်။