Ad

Wednesday, April 8, 2015

“Facebook ပျို နှင့် ဇရာအို”

“Facebook ပျို နှင့် ဇရာအို”
“မိန်းမရေ ပြီးပြီလား။ သွားမယ်ဟေ့။” ကိုသိန်းတန်၏ အော်ခေါ်သံအဆုံးမှာပင်မသောင်းတင်၏ ပြန်ဖြေသံက ပေါ်ထွက်လာသည်။
“လာပါပြီတော်။ ရှင်ကလည်း လောတာ။ ဘာဖြစ်နေမှန်းကို မသိဘူး။”
မသောင်းတင်၏ အသံတွင် ဘ၀င်မကျမှုများ ရောစွက်နေသည်ကိုကိုသိန်းတန်သိသည်။ဒီကနေ့ လပြည့်နေမို့ ဘုရားသွားရန် လင်မယားနှစ်ယောက်သား အိပ်ယာမှ အစောကြီးထခဲ့သည်။သို့သော်ယခုထိ အိမ်မှ ဘုရားသို့ စမထွက်နိုင်သေးပေ။ကိုသိန်းတန်က သွားရန်အသင့်ဖြစ်သော်လည်း ဇနီးဖြစ်သူမှာ ယခုတိုင် ပြင်လို့ဆင်လို့မပြီးသေး။လာပြီဟုဆိုသော်လည်း အခန်းထဲမှ ထွက်မလာသေးသောဇနီးဖြစ်သူကို
“ဘာတွေ ဒီလောက်ကြာနေတာလဲ “ ဟူသော
အတွေးဖြင့် အခန်းထဲသို့ ကိုသိန်းတန်လိုက်ဝင်သွားသည်။
“ဟာကွာ။ သွားပါမယ်ဆိုမှ မင်းက ဓာတ်ပုံရိုက်နေသေး။ မင်းအတွက် ဒီ Facebook ပေါ်ဓာတ်ပုံ တင်ဖို့က အရမ်းအရေးကြီးနေတာလား။”
မသောင်းတန်က အခန်းထဲရှိ မှန်ရှေ့တွင် တစ်ကိုယ်လုံးကိုလှည့်ပတ်ကြည့်၍ လက်ထဲကဖုန်းဖြင့် တဖျတ်ဖျတ် ဓာတ်ပုံရိုက်နေသည်။၁၅၀၀ ကျပ်ဖြင့် ဖုန်းတွေကိုင်လာနိုင်သောခေတ်တွင် ဇနီးဖြစ်သူ အတွက် ဈေးပေါပေါ ဟန်းဆက်တစ်လုံးနှင့် ဆင်းမ်ကတ်တစ်ကတ်ဝယ်ပေးခဲ့သည်။ ဖုန်းတစ်လုံးလက်ထဲရောက်ပြီးနောက် အကြောင်းမရှိ အကြောင်းရှာပြီးဟိုဆက်လိုက် ဒီဆက်လိုက်နှင့်ဖုန်းရောဂါထနေသော မသောင်းတင်ကို သမီးဖြစ်သူက Facebook ရောဂါဆက်သွင်းပေးခဲ့သည်။Facebook အကောင့်တစ်ခုပိုင်သွားသော မသောင်းတင်သည် Facebook ပေါ်တွင် ဟိုစပ်စပ် ဒီစပ်စပ်စူးစမ်းရာမှ ဘယ်သူတွေဆီက ဘာအကျင့်တွေရသွားလဲမသိပါ။ ဘာလုပ်လုပ် Facebook ပေါ်တင်သည်။ ဒီနေ့ဘာဟင်းချက်တယ်။ ဒီနေ့တော့ ဘာအင်္ကျီလေးလှလို့ ဈေးက၀ယ်လာတယ်။ ဒီနေ့ဘယ်သွားတယ်။ ဘယ်လာတယ်။ ယုတ်စွအဆုံး အိမ်ကလူကြီးက ဘယ်လို ဘယ်ညာဆိုပြီး ကိုသိန်းတန် အကြောင်းကိုပင် Facebook ပေါ်တက်ရေးသည်။ စာရေးတင်တာတစ်ခုတည်းမဟုတ်။ သွားကာနီးလာကာနီး သူ့ပုံကို ဓာတ်ပုံရိုက်ကာ တင်သည်။ အနီးတွင် ကိုသိန်းတန်ရှိလျှင် ကိုသိန်းတန်ကိုရိုက်ခိုင်း၊ သမီးရှိလျှင် သမီးကို ရိုက်ခိုင်းကာ တစ်ခါတစ်လေ သူ့ကိုယ်သူ ပြန်ရိုက်ကာ Facebook ပေါ်တင်သည်။ယခုလည်း ဘုရားသွားပါမည် ဆိုမှ ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ဖို့ လုပ်နေသည်။
“ရှင်ကလည်း။ ဘာတွေဖြစ်နေလဲ ဒီမှာ ပုံလေးတင်ပါရစေအုံး။”
“ဟ…နောက်ကျနေပြီကွ။ ဒီနေ့လပြည့်နေ့ ဘုရားမှာလူများမယ်။ စောစောသွားမှ တော်ကာကျမယ်။”
“အေးပါတော်။ ကျုပ်လည်းပြီးပါပြီ ။ ရှင့် မလည်း ဒါလေးတောင် စိတ်မရှည်နိုင်ဘူးလား။ တက တည်း တော်။”
“စိတ်မရှည်တာမဟုတ်ဘူး။ မင်းကြည့်လိုက်ရင် ဒီ Facebook ပဲ။ တော်ရုံပဲကောင်းတယ်နော် မသောင်းတင်။”
“လာပါတော်။ ပြီးပြီသွားစို့”
Facebook ပေါ်ဓာတ်ပုံတင်ပြီး၍ ကျေနပ်သွားဟန်ရှိသော မသောင်းတင်တစ်ယောက် ကိုသိန်းတန် ရှေ့မှ ပီတိအပြုံးဖြင့်ထွက်သွားလေသည်။
……………………………………………………………………………
ကိုသိန်းတန်တို့ဇနီးမောင်နှံနှစ်ယောက် ဘုရားသို့ ကားငှားကာထွက်လာခဲ့သည်။
“တီ.တီ.တီ…”
မသောင်းတင်၏ ဖုန်းဆီသို့ ဖုန်းဝင်​လာခြင်းဖြစ်​သည်
“ဟယ်လို..ဟယ်လိုမိသွယ် ကြားလား လေသံတွေနဲ့ ဘာမှမကြားရဘူး” ဆိုကာ မသောင်းတင်တစ်ယောက် ဖုန်း စပီကာကိုဖွင့်လိုက်သည်။
“အေး..မသွယ် ပြော ဘာကိစ္စ။”
မသောင်းတင်၏ သူငယ်ချင်း မအေးသွယ်မှန်း  ကိုသိန်းတန်သိလိုက်သည်။
“အေး…မသောင်းရေ
Facebook ပေါ်မှာ ဘုရားသွားမလို့ဆိုပြီး ရှင့်ဓာတ်ပုံကြီး တွေ့လို့ကျုပ်ဖုန်းခေါ်လိုက်တာ။ ရှင်အရမ်းလှနေပါလား။”

“အဟင်း….ဟုတ်လားကျုပ်ကအသက်ကြီးနေပါပြီအေ။ မလှတော့ပါဘူး။”

“လှပါသေးတယ် မသောင်းတင်ရယ်။ ရှင့်အင်္ကျီနဲ့ ရှင်နဲ့အရမ်းကိုလိုက်ပြီး လှနေတယ်။ဘယ်ကချုပ်တာလဲ။”

ကိုသိန်းတန်တစ်ယောက် ခေါင်းတခါခါဖြင့် သက်ပြင်းမောတစ်ခုကို ချလိုက်မိသည်။ထုံးစံအတိုင်း မသောင်းတင်နှင့်သူ၏သူငယ်ချင်းများသည် Facebook ပေါ်တွင် ဘယ်သူဘာတင်တင် တင်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဖုန်းဆက် ပြောကြသည်။ သူများတင်တာတွေ့လျှင်လည်း မသောင်းတင်က ဖုန်းဆက်သည်။ သူတင်လျှင်လည်း သူ့သူငယ်ချင်းတွေက ဖုန်းဆက်သည်။ မသောင်းတင်တို့ သူငယ်ချင်းတစ်စုသည် အသက်လည်းမငယ်တော့။ ငါးဆယ့်ငါး နားရောက်လို့ တချို့ဆို စွန်းနေကြပြီ။ သားသမီးတွေလည်း အရွယ်ရောက် နေကြပြီ ဖြစ်သည်။ သို့သော် ယနေ့ခေတ်လူငယ်တွေကြား အသုံး တွင်ကျယ်နေသော Facebook ဆိုသော အရာကြီးကို လူငယ်တွေနှင့်အပြိုင် ဇရာအိုများကလည်းလိုက်သုံးနေကြသည်။ ခေတ်ရေစီးကြောင်းကို လိုက်မမီလျှင်တောင်မှ သိထားသင့်သည်ကိုကိုသိန်းတန် လက်ခံပါသည်။ သို့သော် ယခုက အိပ်လည်း Facebook ၊ စားလည်း Facebook ၊ သွားလည်း Facebook ဖြင့် Facebook မှ Facebook ဖြစ်နေခြင်းကို လွန်လွန်းသည်ဟု ကိုသိန်းတန်ထင်သည်။ မသောင်းတင်ကို Facebook သုံးလွန်း၍ ကိုသိန်းတင်က ပြောလျှင် “တော်ကလည်းတော်။Facebookပေါ်မှာ သတင်းစုံတယ်ရှင့်။ သတင်းတွေဖတ်ချင်လို့ သုံးတာပါ”
ဟု အမြဲဆင်ခြေပေးသည်။ သို့သော် သူ့မိန်းမသည် TV ကြည့်၍ သတင်းလာလျှင် လိုင်းပြောင်းကြည့်သည်။ အိမ်ကနေ့စဉ်ယူသော သတင်းစာကို ယောင်လို့ပင်မကိုင်။ ထို့ကြောင့် သတင်းဖတ်တာပါဟူသော အပြောကို ကိုသိန်းတန် လုံးဝအယုံအကြည်မရှိပေ။ လူတွေ ဘာကြောင့် Facebook အပေါ် အစွဲလမ်းလွန်နေကြခြင်းကို ကိုသိန်းတန်သိချင်သည်။ တစ်ခါတစ်လေ Facebook သုံးကြည့်ပြီး ဘာကြောင့်လဲဆိုတာကို စူးစမ်းချင်သည်။သို့သော် အရည်မရ အဖတ်မရ အချိန်ဖြုန်းသောအလုပ်ဟုထင်ကာ ယခုထိ စမ်းမသုံးကြည့်ရသေး။မသောင်းတင်တစ်ယောက် သူငယ်ချင်းဖြစ်သူနှင့် ဖုန်းပြောပြီးနောက် Facebook ကို သဲကြီးမဲကြီး ဆက်သုံးနေသည်။ ဘုရားသို့ရောက်၍ကားခရှင်းဖို့တောင် ကိုသိန်းတန် သတိပေးမှ Facebook သုံးနေသည်ကို ရပ်၍ ကားခထုတ်ရှင်းသည်။
……………………………………………………………………………
လပြည့်နေ့ဖြစ်၍ ဘုရားပေါ်တွင် လူတွေများလှသည်။
“စောစောလာပါမယ်ဆိုမှ မင်းနောက်ကျနေတာနဲ့ လူတွေတောင်များနေပြီ။”
“သြော် တော်ကလည်းတော်။ လပြည့်နေ့ပဲ လူများမှာပေါ့။”
ကိုသိန်းတန်၏ သူ့အပေါ်အပြစ်တင်သံကို မသောင်းတင်က လပြည့်နေ့အကြောင်းပြ၍ ရှောင်လွှဲသည်။ကုသိုလ်ကောင်းမှုလုပ်ဖို့ ဘုရားလာကာမှ အကုသိုလ်မဖြစ်စေရန် ထွက်ချင်နေသောဒေါသကို ချုပ်ထိန်း၍ ကိုသိန်းတန်တစ်ယောက် မသောင်းတင်ကို စကားဆက်မပြောတော့ပေ။ပန်း ဆီမီး ရေချမ်း ကပ်ကာ ဘုရားရှိခိုးပြီးနောက် မသောင်းတင်က
“ကိုသိန်းတန် လာလာ ဟိုတန်ဆောင်းမှာခဏသွားထိုင်ရအောင်။” ဟုဆိုကာရှေ့မှဦးဆောင်၍တန်ဆောင်းဆီသို့ထွက်သွားသည်။ တန်ဆောင်းပေါ်တွင် လူပြည့်နေ၍လွတ်သည့်နေရာမနည်းရှာကာ ထိုင်ရသည်။ မသောင်းတင်တစ်ယောက် ထိုင်လိုက်သည်နှင့်ပိုက်ဆံအိတ်ထဲမှဖုန်းကို ဖွင့်ကာ Facebook သုံးရန်ပြင်သည်။
“မသောင်းတင် ဘုရားပေါ်မှာ အေးဆေးနားပါအုံးလား။ လူတွေဒီလောက်ရှုပ်နေတာ မင်း Facebook ကြီး မသုံးစမ်းပါနဲ့။”
“အိုတော် နားရင်းသုံးတာပဲ။ ကျုပ်တစ်ယောက်တည်း မဟုတ်ဘူး။ ဘေးမှာကြည့်ပါလား။ အကုန်သုံးနေကြတာပဲကို။”
မသောင်းတင်က တန်ဆောင်းထဲရှိ လူများကို မေးငေါ့ပြမှ ကိုသိန်းတန်လည်းကြည့်လိုက်မိသည်။မြတ်စွာဘုရား လူတိုင်းကိုယ်စီဖုန်းလေးတွေကို သဲကြီးမဲကြီး ကြည့်နေကြပါလား။အားလုံးတော့မဟုတ်။ သို့သော် အတော်များများက ဖုန်းသုံးနေကြသည်။ ပတ်ဝန်းကျင်သည် သူတို့နှင့် မဆိုင်သည့်အလား လူတိုင်း၏ အာရုံသည် လက်ထဲက ဖုန်းဆီသို့သာရောက်နေကြသည်။ဘေးနားသို့ ကျားတစ်ကောင် ရောက်လာလျှင်တောင်မျှ မြင်တဲ့သူက အသိမပေးလျှင် ဖုန်းသုံးနေကြသူများ မသိနိုင်လောက်အောင် ဖုန်းပေါ်သို့သာ အာရုံရောက်နေကြသည်။ယခုကဲ့ဖုန်းများဈေးပေါပေါဖြင့်ရပြီး အင်တာနက်မတွင်ကျယ်မီက ဘုရားဖူးလာသူများ သည် သူ့မိသားစုနှင့်သူ တန်ဆောင်းပေါ်တွင် အေးအေးလူလူ နားသူကနား၊ စကားပြောသူကပြော၊ ဘုရားစာရွတ်သူ၊ ပုတီးစိပ်သူ ၊ တရားထိုင်သူနှင့်။ ယခုတော့ အများစုက ဖုန်းလေးတွေကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည်။ကိုသိန်းတန်တစ်ယောက် “ခေတ်ရေစီးကြောင်းထဲမှာ ငါများနောက်ကျကျန်နေပြီလား”
ဟုတွေးမိသည်။ Facebook ကလူတစ်ယောက်ကို ဒီလောက်ထိ ဆွဲဆောင်ထားနိုင်သလားဆိုတာကိုသိချင်လာမိသည်။ ငါ စမ်းသုံးကြည့် ကောင်းမလားဆိုသော အတွေး ကိုသိန်းတန်၏ စိတ်တွင် ဖြစ်ပေါ် လာသည်။
……………………………………………………………………………
ဘုရားမှ အိမ်အပြန် လမ်းတစ်လျှောက် ကားပေါ်တွင်လည်း မသောင်းတင်တစ်ယောက် ဖုန်းတစ်လုံးနှင့် Facebook ပေါ်၌ အလုပ်ရှုပ်နေခဲ့သည်။ ကိုသိန်းတန်ကား facebook ဆိုသောအရာကြီးကို စမ်းသုံးသင့် မသုံးသင့် တစ်လမ်းလုံး စဉ်းစားလာခဲ့သည်။အိမ်ပြန်ရောက်၍ နေ့လယ်စာစားပြီးသည့်အချိန်ထိ Facebook သုံးကြည့်သင့် မသုံးသင့်ကို ကိုသိန်းတန်မဆုံးဖြတ်နိုင်သေးပေ။ တစ်ဖက်ကလည်း အချိန်ကုန် အရည်မရအဖတ်မရဟု ထင်ကာ တစ်ဖက်တွင်လည်း ဘာလို့ Facebook ကို လူတွေ ဒီလောက် စွဲလမ်းနေလည်း သိချင်နေသည်။ထိုအချိန် ထမင်းစားခန်းထဲမှ ထွက်လာသော သမီးဖြစ်သူက
“အဖေရေ။ သမီးမနေ့က လစာထုတ်ရက်နဲ့ ဆင်းမ်ကတ်တွေရောင်းနေတာနဲ့ ကြုံသွားလို့အဖေ့အတွက် သမီးလခထဲက ဆင်းမ်ကတ်နဲ့ ဟန်းဆက် တစ်လုံး ၀ယ်လာခဲ့တယ်။အင်တာနက်လည်းရတယ် အဖေလည်းသုံးလို့ရအောင်ပေါ့။”
“ဟေ…ဒါဆို Facebook သုံးလို့ရလား သမီး။”
“အဖေသုံးချင် သမီး အဖေ့နာမည်နဲ့ အကောင့်တစ်ခု လုပ်ပေးမယ်လေ။”
“အေး သမီးရယ် အဖေ့အတွက် တစ်ခုလောက် လုပ်ပေးစမ်းပါအုံး။”
ကိုသိန်းတန်တစ်ယောက် Facebook သုံးသင့်မသုံးသင့်ကို ဆုံးဖြတ်လိုက်နိုင်ပြီ ဖြစ်သည်။လက်ထဲတွင်လည်း ဖုန်းကရောက်လာပြီ။ အင်တာနက်လည်းရသည် ဆိုတော့ကိုသိန်းတန်၏ ဆုံးဖြတ်ချက်က Facebook သုံးကြည့်မည် ဆိုသည့်ဘက်ကို အလေးသာသွားသည် ထင်သည်။
……………………………………………………………………………

“တော့်…ကိုသိန်းတန် မပြီးသေးဘူးလား။မင်္ဂလာဆောင်ကနောက်ကျနေပြီ။ ရှင့်သူငယ်ချင်းသားမင်္ဂလာဆောင်နော် နောက်ကျရင် မကောင်းဘူး။”
“အေးပါ မိန်းမရာ။ ပြီးပါပြီဟ။ လာပြီ။ ခုပဲ”
မသောင်းတင်၏ အော်ခေါ်သံကြောင့် ကိုသောင်းတင်တစ်ယောက် အခန်းထဲမှ ကမန်းကတန်းထွက် လာသည်။
“ရှင့် မလဲတော် ။ သွားကာနီးလာကာနီးဆို အမြဲနောက်ကျတာပဲ။ဘယ်တော့မှ အမြန်ပြီးတယ်ကိုမရှိဘူး။”
ဇနီးဖြစ်သူ၏ မကျေမနပ်ဖြင့် ပွစိပွစိပြောနေသံကိုပြန်တုန့်ပြန်မအားဘဲ ကိုသိန်းတန်၏ လက်က ဖုန်း Screen ပေါ်ရှိ Post ဆိုသောစာသားလေးကို နှိပ်လိုက်သည်။ မီးပူကော့နေအောင်တိုက်ထား၍ ပြန့်ပြူးနေသော တိုက်ပုံအင်္ကျီနှင့် ပုဆိုးဝတ်ထားသည့် ကိုသိန်းတန်၏ ခန့်ခန့်ညားညား ဓာတ်ပုံကြီး သည် Facebook ပေါ်သို့ “Feeling Happy. go to မင်္ဂလာဆောင်” ဆိုသော စာသားနှင့် အတူ မိန့်မိန့်ကြီး ရောက်ရှိသွားသည်။သြော်….ကိုသိန်းတန်တစ်ယောက် Facebook ကို ဘာကြောင့် လူတွေစွဲလမ်းကြမှန်း သိသွားပြီထင်သည်။ တားဆီးလို့မရသောခေတ်ရေစီးကြောင်းနှင့်အတူ ကိုသိန်းတန်လည်းမျောပါသွားလေ ပြီတကား။ လူငယ်လူရွယ်များသာမက ကိုသိန်းတန်တို့ကဲ့သို့ ဇရာအိုများကြားပင် ရေပန်းစားလာသော Facebook ပျိုသည် ကောင်းကျိုးကိုပေးမလား ဆိုးကျိုးကိုပင်ပေးမလား ဆိုသည်မှာ အသုံးပြုသူ၏ သုံးပုံသုံးနည်းဖြင့်သာ သက်ဆိုင်လိမ့်မည်ဟု ထင်မိပေသည်။
(တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ကြပါရန်။ စနေဖြိုး)